Ad Code

Assalamualikum

အစ္စလာမ်ကပေးထားတဲ့အမျိုးသမီးများရဲ့ဂုဏ်ပေးမှု ==========================



အစ္စလာမ်ကပေးထားတဲ့အမျိုးသမီးများရဲ့ဂုဏ်ပေးမှု'


ရှေးပဝေသဏီထဲကနေ သမိုင်းမှာ အမျိုးသမီးတွေကိုဖိနှိပ်တဲ့ ညှဉ်းပမ်းနှိပ်ကွပ်တဲ့ အခြေနေတွေဟာ တရုတ် အိန္ဒိယ အီဂျစ် အီရတ် စတဲ့တိုင်းနိုင်ငံအသီးသီးမှာ များစွာသက်သေတွေရှိပါတယ်။ တစ်ချို့နေရာတွေမှာ အမျိုးသမီးတွေကို ဇိမ်ခံရုံ ဖျော်ဖြေရေးအတွက် အသုံးပြုရုံသက်သက်နဲ့ ငွေပေးငွေချေစနစ်တွေထွန်းကားပြီး တိရိစ္ဆာန်စရိုက်ဆန်ဆန် ဆက်ဆံထားကြတာတွေရှိသလို တစ်ချို့ အယူအဆတွေမှာဆိုရင် ခင်ပွန်းသေလို့ မီးရှို့တဲ့အခါ အမျိူးသမီးကိုထည့်ရှို့တာတွေရှိကြတယ်။ တစ်ချို့ဘာသာတရားတွေရဲ့ အယူအဆမှာတော့ အမျိုးသမီးတွေဟာ ညစ်ညမ်းမှုရဲ့စတင်အခြေခံရာနေရာလို့ သမုတ်ကြပြီး ဒီအမျိုးသမီးတွေနဲ့ ပတ်သက်ဆက်နွယ်နေသရွေ့ သူတော်စင်အဆင့် ကောင်းခြင်းတရားအလုံးစုံကို ပိုင်ဆိုင်နိုင်တဲ့အဆင့်ရောက်မှာ မဟုတ်ဘူးလို့သတ်မှတ်ထားကြပြီး အမျိူးသမီးနဲ့ကင်းမှ တရားအားထုတ်ပေါက်မြောက်နိုင်တယ်ဆိုတဲ့ အယူအဆတွေနဲ့ သူတို့ရဲ့ဘာသာတရား ကျင့်ကြံမှုတိုးတက်ရေးမှာ အမျိုးသမီးတွေဟာ အတားအစီးတစ်ခုအဖြစ် နှိပ်ကွပ်ဖန်တီး ပုံဖော်ထားကြတယ်။ 

အမျိုးသမီးတွေကို သေးသိမ်ဖွယ်ရာအဖြစ်နဲ့ထားကြပြီး စိတ်ကြိုက် အသုံးတော်ခံများအဖြစ်သတ်မှတ်ခဲ့ကြတဲ့သမိုင်းတွေရှိခဲ့ကြပြီး အရဗ်ရဲ့ ဓလေ့တွေမှာဆိုရင် ထိုထက်ပိုမိုဆိုးရွားတဲ့ သမီးမိန်းကလေးမွေးရင် ဂုဏ်သိမ်ရမှာကိုစိုးရိမ်ပြီး မြေမြုပ်သတ်ပစ်တာတွေ ဓမ္မတာလာတဲ့ရက်တွေမှာ အိမ်ပြင်ကိုမောင်းထုတ်ပြီး တိရိစ္ဆာန်သာသာ ဆက်ဆံတာတွေကအစ လေ့လာကြည့်ရင် သမိုင်းစာမျက်နှာတွေမှာတွေ့ရှိနိုင်ပါတယ်။ 

အစ္စလာမ်သာသနာဟာ ထိုအခြေနေအရပ်ရပ်ကိုဆန့်ကျင်ခဲ့တယ်။ အမျိုးသမီးတွေကို နှိပ်ကွပ်ခံနေရတဲ့ဘဝတွေကနေ ဆွဲထုတ်ခဲ့ပြီး နိမ့်ပါးရာမှ မြင့်မားမှုဘက်သို့ လမ်းကြောင်းပြဆွဲခေါ်ခဲ့သလို အမျိုးသမီးနဲ့လိုက်ဖက်လိုအပ်တဲ့ အခွင့်အရေးအလုံးစုံကို အပ်နှင်းခဲ့ပြီး အမျိုးသမီးရဲ့ဖြစ်တည်မှုကို ဂုဏ်ပေးအသိအမှတ်ပြုခဲ့တဲ့သာသနာဖြစ်တယ်။ 

အနောက်တိုင်းကပေးတဲ့အမျိုးသမီးအခွင့်အရေးဆိုတာကို အကျဉ်းချုံးသုံးသပ်ရရင် အမျိုးသမီးရဲ့ဖြစ်တည်မှုအပေါ်မှာပေးထားတဲ့အခွင့်အရေးတွေမဟုတ်ဘဲ အမျိုးသမီးတစ်ဦးဟာအမျိုးသားတစ်ဦးကဲ့သို့ လုပ်နိုင်စွမ်းတွေ ကုန်းရုန်းအားထုတ်ပြီးကာမှ သူ့ကိုသိက္ခာရဲ့ အမြင်နဲ့ကြည့်ရှုကြပြီး ကျန်တဲ့အခြေနေတွေမှာတော့ ထူးမခြားနားပါပဲ။ အမျိုးသမီးတွေဟာ အသုံးတော်ခံဘဝနဲ့ တန်ဖိုးမဲ့တဲ့အခြေနေအဖြစ်နဲ့လွှတ်ပေးထားကြပြီး ခေါင်းစဉ်လှလှလေးတွေ တပ်ထားပေးခြင်းသာဖြစ်တယ်။ 

အစ္စလာမ်သာသနာဟာ အမျိုးသမီးတွေရဲ့ ဝတ္တရားတွေကို ပြဌာန်းပြီး ဂုဏ်သိက္ခာ အလုံးစုံကိုပေးအပ်ခဲ့သလို အမျိုးသမီးနဲ့ ပင်ကိုယ်မူလဗီဇအရ ထိုက်တန်တဲ့ တာဝန်များ အခွင့်ရေးအားလုံးတို့ကို ချီးမြှင့်ပေးထားပါတယ်။  များသောအားဖြင့် အားနွဲ့သူတို့ဟာ များစွာကြိုးစားအားထုတ်ပြီးကာမှ သူတို့ရဲ့အခွင့်အရေးတစ်ချို့ရရှိသလို ဒီဘက်ခေတ်မှာဆိုရင် ဆန္ဒပြတောင်းဆိုတာတွေကနေမှ အခြေခံအခွင့်ရေးပေးခြင်းခံရတာတွေရှိကြပါတယ်။ ဒါကိုပဲကြီးမားတဲ့ကျေးဇူးတရားလို့ ထင်မှတ်နေကြတယ်။ တကယ်တမ်းပြန်စမ်းစစ်လိုက်ရင် ခေတ်အဆက်ဆက်မှိတ်သုန်နေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အစ္စလာမ်က အစောဆုံး ပေးထားခဲ့ပြီး ဒါတွေဟာတောင်းဆိုမှုတွေကြောင့်မဟုတ်ဘဲ အမျိုးသမီးတို့ရဲ့ ပင်ကိုဖြစ်တည်မှုတွေကနေ ရပိုင်ခွင့်များကြောင့် အပ်နှင်းထားခြင်းမျိုးဖြစ်တယ်။ 

အစ္စလာမ်ကပေးထားတဲ့အမျိုးသမီးရဲ့ အဆင့်အတန်းအနေအထား သတ်မှတ်ချက်တွေဟာ ခေတ်ဟောင်းခေတ်သစ် အားလုံးရဲ့ အချည်းနှီးဖြစ်တဲ့ရွံရှာဖွယ် စရိုက်တွေ ကင်းဝေးပြီး အမျိုးသမီးများကိုလည်းရွံရှာဖွယ် အစိတ်အပိုင်းတစ်ခုအဖြစ် ညှဉ်းပမ်းနှိပ်ကွပ်တာမျိုးမရှိသလို ပုံပျက်ပန်းပျက်လှတဲ့ အရှက်တရားကင်းမဲ့တဲ့လွတ်လပ်မှုခေါင်းစဉ်အောက်ကနေလည်း ထိမ်းသိမ်းကာကွယ်မှုတွေ ပြုလုပ်ပေးထားပါတယ်။ 

လူသားတစ်ယောက်ရဲ့ ပိုင်ဆိုင်ရရှိထားတဲ့ ထွဋ်မြတ်မှုတွေမှာ အစ္စလာမ်ဟာ အမျိုးသားနဲ့အမျိုးသမီးကိုထွဋ်မြတ်ခြင်းမှာ တူတူညီညီသတ်မှတ်ထားပြီး လေးစားထိုက်ဂုဏ်ပေးစရာအခြေနေမျိုးနဲ့ ရှုမြင်ပေးထားတဲ့ပြည့်စုံလှပတဲ့သာသနာဖြစ်ပါတယ်။

17/8/2021
(မုဖ်သီဗရှီရွလ္လာဟ်-မဟ်မူဒီ၊ကာစီမီ)

إرسال تعليق

0 تعليقات

Close Menu