Ad Code

Assalamualikum

(suicide) မိမိကိုယ်ကိုမိမိသတ်သေခြင်းသည် ဟရာမ် ============================



မိမိကိုယ်ကိုမိမိသတ်သေခြင်းသည် ဟရာမ်


လူသားရဲ့ ခန္ဓာကိုယ်ဆိုတာ လူသားရဲ့ ကိုယ်ပိုင်မူပိုင်မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်သခင် ဘက်ကနေ ယုံကြည်စွာ အပ်နှင်းလိုက်တဲ့ အမာနသ်တစ်ခုပဲ။ လူသားတစ်ယောက်ရဲ့ ဘဝသက်တမ်းတစ်ခုလုံးမှာ တခြားနိအ်မသ်စည်းစိမ်တွေ ဖြစ်တည်လာဖို့ သက်ရှိကိုယ်ခန္ဓာဟာ အခြေခံအရင်းအမြစ် ရတနာတစ်ခုဖြစ်တယ်။ ဒီသက်တမ်းတစ်ခု ဒီခန္ဓာကိုယ်တစ်ခုမရှိတော့ရင် ဒီလောကီဘဝမှာ တခြားသော စံစားနိုင်တာတွေဟာ ဖြစ်တည်လာဖို့လည်းမရှိတော့ပါဘူး။ 

ဒါကြောင့် အစ္စလာမ်သာသနာဟာ အသက်နဲ့ခန္ဓာထိန်းသိမ်းဖို့အရေး ဒီအသက်နဲ့ခန္ဓာကိုယ်ထိခိုက်လာမယ့်အရာမှန်သမျှ ရှောင်ကြဉ်ဖို့အရေး အထူးအလေးနက်တိုက်တွန်း မှာကြားထားပါတယ်။ ဒီလိုအသက်နဲ့ခန္ဓာထိန်းသိမ်းကာကွယ်ထားမှသာ မိမိရဲ့လုပ်ဆောင်ချက်တွေ ကျင့်ဆောင်ချက်တွေဟာ အသုံးဝင်အရာရောက်မှာလည်းဖြစ်တယ်။ 

အစ္စလာမ်သာသနာဟာ (suicide) မိမိကိုယ်ကိုယ်သတ်သေခြင်းကို အပြင်းအထန် ကန့်ကွက်တားမြစ်ထားပြီး မိမိရဲ့ဘဝသက်တမ်းကို အကျိုးမဲ့အသုံးချခြင်းကနေ ပြင်းထန်စွာ ပိတ်ပင်ထားသလို အလဟသအချည်းနှီးအရာမှန်သမျှကို ဘယ်နည်းဘယ်ပုံနဲ့မှ ခွင့်ပြုချက်ပေးထားတာမျိုးလည်းမရှိပါဘူး။ 

ဘဝသက်တမ်းပေးအပ်ခြင်းနဲ့ သေဆုံးကွယ်လွန်စေခြင်းအလုံးစုံတို့ရဲ့ ပိုင်ရှင်အစစ်မှန်ဟာ အလ္လာဟ်အရှင်မြတ်သခင်သာလျင်ဖြစ်တယ်။ အစ္စလာမ်သာသနာဟာ အကျိုးအကြောင်းမဲ့ အပြစ်မရှိဘဲ လူတစ်ဦးဦးအားသတ်ပစ်ခြင်းကို လူသားမျိုးနွယ်တစ်ခုလုံးကို သတ်ပစ်ခြင်းနဲ့ တူညီကြောင်း ရှင်းပြဆော်သြထားသလို  မိမိဘဝသက်တမ်းကို အဆုံးသတ်လိုက်ခြင်း အလဟဿ     ဖြုန်းတီး အသုံးချလိုက်ခြင်းကိုလည်း အလွန်စက်ဆုပ်ဖွယ်ရာကိစ္စသာဖြစ်ကြောင်း လမ်းညွန်ထားပါတယ်။ 

ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်သခင် အမိန့်ရှိထားပါတယ်။ 
وَلاَ تُلْقُواْ بِأَيْدِيكُمْ إِلَى التَّهْلُكَةِ 
အသင်တို့သည် (မိမိတို့ကိုယ်ကို) မိမိတို့လက်များဖြင့် ပျက်စီးရာ ပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။(ကုရ်အာန်: ၂၊၁၉၅)
ကုရ်အာန်ဋီကာ ပညာရှင် အီမာမ်ဘဂဝီက ဒီအာယသ်ကိုဖွင့်ဆိုတဲ့နေရာမှာ ဒါဟာ မွတ်စ်လင်မ်တစ်ဦးဦးဟာ မိမိကိုယ်ကိုမိမိ သတ်သေခြင်း(suicide)ကို ဆိုလိုနေကြောင်းရှင်းလင်းချက်ထုတ်ထားပါတယ်။ သဘောက ဒီအာယသ်တော်ကနေ မိမိကိုယ်ကိုမိမိ သတ်သေခြင်းဟာ လုံးဝ(လုံးဝ) မပြုပိုင်ကြောင်း တားမြစ်ပိတ်ပင်ထားခြင်းဖြစ်တယ်။ ထိုနည်းလည်းကောင်း တခြားသော ကုရ်အာန်အာယသ်တွေမှာလည်း ပိတ်ပင်တားမြစ်ချက်တွေလာရှိထားပါတယ်။

ဟဒီးစ်တော်တွေမှာလည်း မိမိရဲ့ခန္ဓာကိုယ် မိမိရဲ့အသက် မိမိရဲ့ အစိတ်အပိုင်းတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး ထားရှိရမယ့်ဝတ္တရားတွေကို ကျေပြွန်ကြဖို့ မိန့်မှာထားပြီး ကိုယ့်ဟာကိုယ်သတ်သေသူဟာ ဂျဟန္နမ်ငရဲဘုံမှာ အမြဲတစေနေရထိုင်ရပြီး ကြောက်မက်ဖွယ်ငရဲဒဏ်ကိုခံရမှာဖြစ်ကြောင်း ပြင်းထန်တဲ့သတိပေးချက်တွေလာရှိထားပါတယ်။ 

ဒုက္ခတွေ အခက်အခဲတွေ ကျဆုံးမှုတွေဆိုတာ အချိန်အပိုင်းအခြားတစ်ခုသာလျင်ဖြစ်ပြီး တစ်ခါတစ်ရံအမြန်ဆုံးပြန်ချောမွေ့အဆင်ပြေသွားတာရှိသလို တစ်ခါတစ်ရံမှာတော့ အနည်းငယ်ကြာတာမျိုးရှိတတ်ကြပါတယ်။ မိမိကိုယ်ကိုမိမိသတ်သေ အဆုံးသတ်လိုက်ခြင်းဟာ အရာအားလုံးရဲ့အဖြေမဟုတ်တဲ့အပြင် အာခိရသ်တမလွန်မှာပါ ခက်ခဲမှုနဲ့ထပ်မံရင်ဆိုင်ရအုံးမှာဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်သခင်က လူသားကို မိမိရဲ့အိဗာဒသ်တွေ လုပ်ဆောင်ရင်း ဒွန္နယာရဲ့နိအ်မသ်တွေကိုလည်းရယူခံစားနိုင်ဖို့ ပြုလုပ်ဖန်တီးပေးထားပါတယ်။ လူသားရဲ့ သက်တမ်းဟာ ဘယ်ချိန်ထိရှင်သန်နေထိုင်ရမလဲဆိုတာ အလ္လာဟ်အရှင်မြတ်သာလျင်သတ်မှတ်ထားခြင်းဖြစ်ပြီး အချိန်ကျရောက်ပြီဆိုပါက သေခြင်းတရားဟာ တစ်စက္ကန့်မှဆိုင်းငံ့ခြင်းရှိမှာမဟုတ်ပါဘူး။ 

အလ္လာဟ်အရှင်မြတ်သခင် ကျွန်ုပ်တို့အားလုံးကို အစ္စလာမ့်ရဲ့ လမ်းညွန်ချက်များ ပြည့်ဝစွာ လိုက်နာနိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါစေ။(အာမီန်း)

23/8/2021

မုဖ်သီဗရှီရွလ္လာဟ်-မဟ်မူဒီ၊ကာစီမီ

إرسال تعليق

0 تعليقات

Close Menu