ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
----------------------------------
အိပ်စက်ခြင်း၏ ပုံစံများအကြောင်း
====================
အိပ်စက်ခြင်းတွင် ပုံစံ (၄) မျိုးရှိသည်။
(၁) ပက်လက် အိပ်ခြင်း
ထိုပုံစံသည် နဗီတမန်တော်များ အိပ်စက်သောပုံစံဖြစ်သည်။ ပက်လက်အိပ်ခြင်းသည် ဝဟီကို စောင့်မျှော်ခြင်းလည်းဖြစ်သည်။ နဗီများအိပ်သည်ဟု ဆိုရာတွင် ၎င်း တို့၏ မျက်စိများကသာ အိပ်ခြင်းဖြစ်ပြီး နှလုံးသားများက အစဉ်အမြဲနိုးကြားနေပေသည်။
(၂) ညာဘက် စောင်းအိပ်ခြင်း
ညာဘက်စောင်းအိပ်ခြင်းသည် သူတော်စဉ်၊ သူမွန်သူမြတ်တို့၏ လမ်းစဉ်ဖြစ်သည်။
(၃) ဘယ်ဘက် စောင်းအိပ်ခြင်း
ယင်းပုံစံသည် ချမ်းသာသူတို့ နှင့် လောကီသားတို့၏ အလုပ်ဖြစ်သည်။ ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် အစာအလွန်ကြေစေသည်။
(၄) မှောက်၍ အိပ်ခြင်း
မှောက်အိပ်ခြင်းသည် ရှိုက်သွာန်၏ အိပ်ခြင်းပင်ဖြစ်သည်။
အကြင်သူသည် ဗိုက်အပြည့်အစာစားလိုက်ပါက ပထမ ညာဖက်စောင်း၍ အနည်းငယ်ကြာအောင် လဲလျောင်းရမည်။ တဖန် ဘယ်ဘက်သို့ပြောင်း၍ လဲလျောင်းရမည်။ ဤပုံစံဖြင့် အိပ်စက်ပါက အစာကို ကောင်းစွာကြေစေသည်။
ရှိုက်ခွလ်ရအီးစ်သခင်၏ အဆိုမှာ နေ့အချိန်တွင် အလွန်အကျွံမအိပ်စက်ရပေ။
နေ့အချိန်များစွာအိပ်ခြင်းသည် ငြိမ်သက်နေသောရောဂါတို့ကို နိုးထစေသည်။ သရက်ရွက်ကို မာကြောစေသည့်အပြင် အရောင်အဆင်းကိုလည်း ပျက်စီးစေသည်။ သို့သော် ကိုင်လူလဟ်
(ခေတ္တမျှအိပ်ခြင်း) ကဲ့သို့သော အိပ်စက်ခြင်းဖြင့် ကိစ္စမရှိပေ။ ၎င်းကိုင်လူလဟ်သည် အလွန်အကျိုးထူးပေသည်။ ဦးနှောက်နှင့် အသိဥာဏ်ကို အားဖြစ်စေသည်။ တစ်ညလုံး နိုးနေခြင်းသည် ဆုံးရှုံးမှုကို ဖြစ်စေပြီး အစာမကြေသည့်ရောဂါကိုလည်း ဖြစ်စေသည်။ အသိဥာဏ်နှင့် ဦးနှောက်ို အားနည်းစေသည်။ ခန္ဓာကိုယ်တွင် အစိုဓာတ်ကို ခမ်းခြောက်စေသည်။ ဤအတွက်ကြောင့် တမန်တော်မြတ် (ဆွ)က အွတ်စ်မာန်ဗင်န်မဇ်ွအူးန်သခင်အား ညလုံးပေါက် နိုးကြားစွာနေခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့နောက်အမိန့်ရှိသည်မှာ အသင်၏ စိတ်ဆန္ဒအတွက်လည်း အသင့်အပေါ်၌တာဝန်ရှိသည်။
ထို့ပြင် တစ်ညလုံးအိပ်စက်ခြင်းသည်လည်း မကောင်းပေ။ နေမထွက်မီအလျှင် အိပ်ယာမှ ထရမည်။ တစ်ညလုံးအိပ်ခြင်းဖြင့် ရှိုက်သွာန်က နားတွင်ကျင်ငယ်စွန့်သွားသည်။ (သွစ်ဗ်ဗေနဗဝီ)
အေရှာဖတ်ပြီးသည့်နောက် သာသနာ့ကိစ္စရပ်မှအပ အလ္လာပ သလ္လာပ ပြောခြင်း၊ အကြောင်းကြီးငယ် အရေးကြီးကိစ္စမရှိပဲ စကားများပြေနေခြင်းတို့ကို တားမြစ်ထားသည်။ ထို့သို့မပြုသင့်ပေ။ အကောင်းဆုံးမှာ အေရှာဖတ်ပြီးသည့်နောက် အရေးကြီးသလောက်အလုပ်လုပ်ပြီးလျှင် အိပ်လိုက်ရမည်။ ဆရာသခင်တပါးတင်ပြသည်မှာ ည ၁၂ နာရီ၏ အရင်အိပ်ခြင်းသည် အကျိုးရှိပြီး၊ ၎င်းနောက်ပိုင်းတွင် အိပ်ခြင်းက အကျိုးမရှိတော့ပေ။ ညကိုစောစီးအိပ်ပြီး မနက် သဟဂျွဒ်အချိန်ထပါက အကောင်းဆုံးပင်ဖြစ်သည်။ မတတ်နိုင်ပါက ဖဂျရ်မတိုင်ခင်တော့ နိုးသွားရမည်ဖြစ်သည်။ နေထွက်ပြီးနောက်မှ နိုးပါက တခါတရံ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရတတ်သည်။
(အကောင်းဆုံးအိပ်ခြင်းကို ရရှိနိုင်ကြပါစေ အာမီးန်)
0 Comments