Ad Code

Assalamualikum

စန္ဒာလမင်းကို နှစ်ခြမ်းခွဲပြခဲ့သော တမန်တော်မြတ် ﷺ၏ "မုအ်ဂျိဇဟ်"တန်ခိုးတော် ---------------------------------------------'-----------------

 



တမန်တော်မြတ် ﷺ က မဒီနဟ်မြို့တော်သို့ ဟီဂ်ျရသ်ပြု မပြောင်းရွှေ့မီ(၅)နှစ်အလျင်...


တစ်နေ့သောအခါ အဘူဂျဟလ်၊၀လီးဒ်ဗီန်မူဂီရဟ်၊ အားဆ်ွဗီန်ဝါအိလ်၊အားဆ်ွဗီန်ဟိရှားမ်၊အတ်စ်၀ဒ် ဗီန်အဗ်ဒေယဂူးစ်၊ အတ်စ်၀ဒ်ဗီန်မွတ္တလိဗ်၊ ဇမ်အဟ်ဗီန်အတ်စ်၀ဒ်၊ နဇွရ်ဗီန်ဟာရိစ်တို့နှင့် မက္ကဟ်မြို့၏ အခြားသော အကြီးအကဲခေါင်းဆောင်များသည် တမန်တော်မြတ် ﷺ ထံသို့ ရောက်ရှိလာကြပြီး


"အို..မိုဟမ္မဒ်!

အကယ်၍ အသင်သည် စစ်မှန်သော ရစူလ်တမန်တော်ဖြစ်ခဲ့ပါ လျှင် ကျွန်တော်တို့အား ထူးဆန်းသောလက္ခဏာတစ်ရပ်ကို ပြသပါ"ဟူ၍ တောင်းဆိုလေသည်။


ရိဝါယသ်ဆင့်ပြန်မှုတစ်ရပ်တွင် လာရှိသည်မှာ

ထိုအချိန်သည် လပြည့်နေ့ညဖြစ်နေ၍ ၎င်းတို့က လင်း၀င်း တောက်ပနေသော လမင်းကြီးအား နှစ်ခြမ်းခွဲစိတ်ပြသရန် အတွက် လျှောက်ထားကြပေသည်။


တမန်တော်မြတ်( ﷺ )က

``အကယ်၍ကျွန်တော်သည် အသင်တို့၏ တောင်းဆိုချက်အရ ဤဝုိင်း၀န်းပြည့်စက် လင်း၀င်းတောက်ပနေသော စန္ဒာလမင်းကြီးကို နှစ်ခြမ်းခွဲပြပါလျှင် အသင်တို့က အီမာန် ယုံကြည်လက်ခံမည်လော``ဟု မေးမြန်းရာ...


၎င်းတို့က

``ကျွန်တော်တို့သည် ထိုသို့ဆိုလျှင် အီမာန်ယုံကြည်ပါမည်``ဟု ကတိ၀န်ခံချက် ပြုကြပေသည်။


ထိုအခါတမန်တော်မြတ် ﷺ က အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးတွင်း ဒိုအာဆုမွန်တောင်းဆိုပြီး မြေကြီးပေါ်တွင် မတ်တတ်ရပ်၍ မိုးကောင်းကင်ပေါ်၌ ထိန်ထိန်သာနေသော စန္ဒာလမင်းကြီးအား မိမိလက်ညှိုးတော်ဖြင့် ညွှန်လိုက်ရာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် စန္ဒာလမင်းကြီးမှာ နှစ်ခြမ်း ကွဲသွားပြီး တစ်ခြမ်းမှာ ``ဂျဗလေအဘီကူဗိုင်းစ်`` တောင်ပေါ်သို့ရောက်ရှိသွား ပြီး ဒုတိယတစ်ခြမ်းမှာ ``ဂျဗလေကိုက်ကအားန်`` တောင်ပေါ်သို့ရောက်ရှိသွားခဲ့ပေ သည်။


လ၏နှစ်ခြမ်းကွဲသွားသော ဤအခြေအနေသည် အဆွရ်နှင့် မဂ်ရီဗ်အချိန်ကြား၌ရှိသည့် တစ်နာရီကျော်ခန့်အချိန်အထိ အထက်ပါ အခြေအနေအတိုင်းကွဲလျက်ပင် ရှိခဲ့လေသည်။


ထိုနေရာတွင်ရှိနေကြကုန်သော လူတိုင်းက ဤဆန်းကြယ်သည့် တမန်တော်မြတ်( ﷺ )၏ မုအ်ဂျိဇဟ်တန်ခိုးတော်မြတ်ကို တွေ့မြင်ပြီး အံ့သြမှင်တက်ကာ မိမိတို့၏မျက်စိများကို မိမိတို့၏အ၀တ်များဖြင့် ပွတ်သပ်ကြပြီး လ၏နှစ်ခြမ်းကွဲနေပုံကို ရင်သပ်ရှုမော ဖွယ်ကြည့်ရှုကြလေသည်။


ထိုအချိန်တွင် တမန်တော်မြတ်( ﷺ )က

``အိရ်ှဟဒူး၊ အိရ်ှဟဒူး`` ဆိုလိုသည်မှာ …


``အသင်တို့သည် သက်သေခံ များဖြစ်ကြလေကုန်``ဟူ၍ အမိန့်ရှိတော်မူ၏။


ထိုမုအ်ဂျိဇဟ် တမန်တော်မြတ်( ﷺ )၏တန်ခိုးတော်ကိုတွေ့မြင်ကြသော်လည်း မက္ကဟ်မြို့၏ဤမွရ်ှရစ်က် ခေါင်းဆောင်များက 


``မိုဟမ္မဒ်သည် မိမိ၏ထူးဆန်းသော မှော်ပညာဖြင့်ပြုစား လှည့်ဖြားကာ မျက်လှည့်ပြခဲ့သည်``ဟူ၍ စွပ်စွဲပြောဆိုကြပေ သည်။


ထို့ပြင် ၎င်းတို့ကပြင်ပမှခရီးသည်များ မရောက်ရှိမချင်း ဤကိစ္စကို ကျွန်တော်တို့လက်ခံယုံကြည်နိုင်မည်မဟုတ်ပါ`` ဟူ၍ပြောဆိုကြပြန်လေသည်။


နောက်နေ့တွင် ပြင်ပဒေသအရပ်ရပ်မှခရီးသည်များ မက္ကဟ်မြို့ သို့ ရောက်ရှိလာကြသောအခါ ၎င်းတို့ကို အဆိုပါလနှစ်ခြမ်း ကွဲခြင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ၎င်းတို့သည်လည်း မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရကြောင်း ပြောဆို သက်သေခံကြပေသည်။


သို့သော်လည်း ဤမွရ်ှရစ်က်ခေါင်းဆောင်များသည် အီမာန် ယုံကြည်လက်ခံခြင်းအလျဉ်းမရှိခဲ့ကြပေ။


လနှစ်ခြမ်းကွဲခြင်း၏ဤအကြောင်းသည် ကျမ်းမြတ်ကူရ်အာန် နှင့် တမန်တော်မြတ် ﷺ၏ ဟဒီးဆ်သြ၀ါဒတော်များတွင် လာရှိပေသည်။

(အလ်ဘိဒါးယသု၀န္နိဟာယဟ်ကျမ်း၊ အတွဲ-၃၊ စာမျက်နှာ-၁၁၈၊

ဖသ်ဟူလ်ဘာရီကျမ်း၊ အတွဲ-၇၊ စာမျက်နှာ-၁၃၈)


ဟဇ်ရသ်အဗ်ဒူလ္လာဟ်ဗီန်အဗ္ဗါးစ်(ရသွိ)သခင်က အမိန့်ရှိခဲ့သည်မှာ...

တစ်နေ့သ၌ မွရ်ှရစ်က်များသည် စုပေါင်း၍ တမန်တော်မြတ်( ﷺ )ထံသို့ရောက်ရှိလာပြီး ကိုယ်တော့်အား...

"အို...မိုဟမ္မဒ်!

အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်၏စစ်မှန်သော ရစူလ်တမန်တော်ဖြစ်ပါက ကျွန်တော်တို့အား ဤစန္ဒာလမင်းကို နှစ်ခြမ်းခွဲပြပါ" ဟု တောင်းဆိုတင်ပြကြလေ၏။


ထိုအချိန်မှာ လပြည့်ညဖြစ်ခဲ့ပါသည်။

တမန်တော်မြတ် ﷺက ဤမုအ်ဂျိဇဟ်ကို ပြသပေးရန်အတွက် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင် ဒိုအာဆုမွန်တောင်းခံ တော်မူ၏။


အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ် (ﷺ )၏ဒိုအာဆုမွန်ကို ကဘူလ်ပြုလက်ခံတော်မူပြီး ၎င်းတို့၏ရှေ့မှောက်၌ပင် စန္ဒာလမင်းကိုနှစ်ခြမ်းခွဲပြတော်မူသည်။


စန္ဒာလမင်း၏တစ်ခြမ်းမှာ "ဂျဗလေအဘီကူဗိုင်းစ်"တောင်ပေါ်၌ရှိနေခဲ့ပြီး နောက်တစ်ခြမ်းမှာ "ကူအိုင်ကအားအ်"တောင်ပေါ်၌ ရှိနေခဲ့ပါသည်။


ထိုအချိန်တွင် တမန်တော်မြတ် ﷺ က ၎င်းတို့အား ယင်းအကြောင်းနှင့်ပတ်သက်၍ အသင်တို့သက်သေအဖြစ် ရှိကြပါသည်ဟု အမိန့်ရှိတော်မူ၏။


ဤအကြောင်းသည် ကျမ်းမြတ်ကူရ်အာန်ထဲမှာ "စူရဟ်ကမရ်"၏ ပထမအာယသ်တော်တွင်လည်း ပါရှိပေသည်။

(အဘူနအီးမ်ကျမ်း)


မက္ကဟ်မြို့ရှိမွရ်ှရစ်က်များသည် တမန်တော်မြတ် ﷺ ၏ ကြီးကျယ်သောမုအ်ဂျိဇဟ်ကို တွေ့မြင်ခဲ့သော်လည်း ယင်းအကြောင်းကိုမျက်လှည့်နှင့်မှော်ပညာဟု ထင်မှတ်ကာ ပြင်ပဒေသမှ မက္ကဟ်မြို့သို့လာရောက်ကြသော ပုဂ္ဂိုလ်တိုင်းအား ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြပေသည်။


မေးမြန်းခံရသူတို့ကလည်း စန္ဒာလမင်းနှစ်ခြမ်းကွဲသွားခဲ့သည်ကို မိမိတို့ကမျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်ဟူ၍ သက်သေခံခဲ့ကြပေသည်။


ဟီန်ဒူစ်သားန်နိုင်ငံ၏ဘုရင်တစ်ပါးက မိမိနန်းတော်ပေါ်မှ စန္ဒာလမင်းနှစ်ခြမ်းကွဲသွားသည်ကို မိမိကိုယ်တိုင် တွေ့မြင်ခဲ့သည်ဟူ၍လည်းကောင်း၊


တဖန် ထိုဘုရင်မင်းမြတ်ကြီးက မိမိနန်းတော်ထဲမှ သာသနာ့ပညာရှင်ကြီးများအား ယင်းအကြောင်းနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းခဲ့ရာ ၎င်းတို့က ဤသည်မှာ နောက်ဆုံး တမန်တော်ချုပ်၏မုအ်ဂျိဇဟ်ပင် ဖြစ်သည်ဟူ၍ ဘုရင်မင်းမြတ်ကြီးကို တင်ပြလျှောက်ထားခဲ့ကြ သည်ဟုလည်းကောင်း၊


တစ်ဖန် ထိုဘုရင်မင်းမြတ်ကြီးက တမန်တော်မြတ်( ﷺ )အပေါ် အီမာန်ယုံကြည်ပြီး မိမိအမည်နာမကို အဗ်ဒူလ္လာဟ်ဟုမှည့်၍ တမန်တော်မြတ် ﷺ ထံသို့ ဟဒ်ယဟ်လက်ဆောင်များ ပို့သခဲ့သောအကြောင်းအရာများကို "သဝါရီးခေဖဇ်လီ" အမည်ရှိ သမိုင်းစာအုပ်တွင် အကျယ်တဝင့် အသေးစိတ် ရေးသားထား သည်ကို ကြည့်ရှုလေ့လာလိုသူများက လေ့လာနိုင်ပါသည်။

            ~~~~~~~~~~~~~~~~

မော်လာနာ မိုဟမ္မဒ်အဗ္ဗါးစ်(ကာစီမီ) စီစဉ်ရေးသားထားသော တမန်တော်မြတ် ﷺ ၏ အတ္ထုပ္ပတ္တိ စာအုပ်မှ ကူးယူထားခြင်း ဖြစ်ပါသည်။


နှစ်ပေါင်း (20) မျှသော အချိန်ကာလအထိ အားပေးနေခဲ့ကြသော စာဖတ်ပရိသတ်များကို အထူးပင် ကျေးဇူးတင်ရှိပါသည်။


             

                        မစန္ဒာဝင်း(သထုံ)

Post a Comment

0 Comments

Close Menu