ဆွလာသွသ်သပ်(စ)ဗီးဟ်
နဖိလ်နမားဇ်များ၌ ဆွလာသွသ်သပ်(စ)ဗီးဟ်သည် ထူးမြတ်မှုများစွာရှိကြောင်း လာရှိထားပေသည်။
ဟဇရသ်အဗ်ဒွလ်လဟ်ဗင်န်အဗ္ဗါးစ် (ရသွီ) ပြောသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိ၏ဦးလေးဖြစ်သူ ဟဇရသ်အဗ်ဗါးစ်ဗင်န် အဗ်ဒွလ်မုသ်သွလစ်ဗ် (ရသွီ)ကို မိန့်တော်မူသည်မှာ အိုချစ်လှစွာသော ဦးလေး !! ကျွန်ုပ်အနေဖြင့် ဦးလေးကို အကောင်းဆုံးသောလက်ဆောင်တစ်ခု၊ သတင်းကောင်းတစ်ခု၊ အလွန်အကျိုးရှိသော အရာတစ်ခုနှင့်ပတ်သက်ပြီး ပြောပြရမည်လား။ ထိုအရာကို ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က ရှေ့ပြစ်၊ နောက်ပြစ်၊ ပြစ်မှုဟူသမျှကို ခွင့်လွှတ်ချမ်းသာမှု ပေးတော်မူမည်။
ထိုလုပ်ရပ်မှာ ဤသို့ဖြစ်သည်။ လေးရကအသ်နဖိလ် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဤကဲ့သို့ဖတ်ပါ။
အလ်ဟမ်ဒုနှင့် စူရဟ်ဖတ်ပြီးသည့်အခါ (တတိယကလိမဟ်) " စွဗ်ဟားနလ္လားဟိ ဝလ်ဟမ်ဒုလစ်လ်လားဟိ ဝလားအိလားဟ အိလ္လလ်လားဟု ဝလ္လားဟုအပ်(က)ဗရ် " ကို မတ်တပ်ရပ်လျက်နှင့် ၁၅ကြိမ်ဖတ်ပါ။
ရုကူအ်၏ သပ်စ်ဗီးဟ်ပြီးနောက် ထိုကလိမဟ်ကို ၁ဝကြိမ်ဖတ်ပါ။
ရုကူအ်မှ ပြန်ထ၍ ကောဝ်မဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်မှ ပြန်ထ၍ (စဂ်ျဒဟ်နှစ်ခုအကြားတွင်) ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်တွင် ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်မှ ပြန်ထ၍ (နောက်ရကအသ်သို့ မသွားမီ) ထိုင်ပြီး ၁ဝကြိမ်။ ဖတ်ပါ။
တစ်ရကအသ်တိုင်းတွင် ၇၅ကြိမ်ရှိမည်ဖြစ်ပြီး လေးရကအသ်တွင် အကြိမ်ပေါင်း သုံးရာ(၃ဝဝ) ရှိမည်။
ဤနည်းစနစ်ကို သင်ပြပြီးနောက် တမန်တော်မြတ်က ဆက်လက်မိန့်သည်မှာ အကယ်၍ တတ်နိုင်ပါက ယင်းနမားဇ်ကို နေ့စဉ်တစ်ခေါက်ဖတ်ပါ။ ဤမျှမနိုင်လျှင် ဂျွမ်အဟ်တွင်(တစ်ပတ်) တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်လ တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်နှစ်လျှင် တစ်ကြိမ်ဖတ်ပါ။ ထိုသို့လည်း မတတ်စွမ်းနိုင်ခဲ့ပါမူ တသက်တာတွင် အနည်းဆုံးတစ်ကြိမ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။
ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗါးစ်(ရသွီ)သည် စွလာသွသ်သစ်ဗီးဟ်ကို ဂျွမ်အဟ်နေ့တိုင်း ဖတ်လေ့ရှိသည်။ အဗုလ်ဂျဝါးဇ်(ရဟ) သာဗီအီသခင်သည် နေ့စဉ် ဇုဟုရ်အဇာန်ဆိုသည့်အချိန် ဗလီသို့ရောက်လာပြီးနောက် ဂျမာအသ်မစမီအထိ ယင်းနမားဇ်ကို ဖတ်နေသည်။ ဟဇ်ရသ်အဗ်ဒုလ်အဇီးဇ်ဗင်န်အဗူရဝါးဒ် (ရဟ)က မိန့်သည်မှာ ဂျန္နသ်ကိုလိုလားသောသူအဖို့ စွလာသုသ်သပ်စ်ဗီးဟ်ကို စွဲမြဲမှုထားရမည်။ အဗူအုစ်မားန်ဟီရီ(ရဟ) မိန့်သည်မှာ ပူဆွေးမှုနှင့် ဘေးဒုက္ခအခက်အခဲတို့မှ လွတ်မြောက်ရန်အတွက် စွလာသုသ်သပ်စ်ဗီးဟ်ထက် ပိုကောင်းသောအရာကို မတွေ့ဖူးပါ။ (ထိုသို့သော အကြောင်းကိစ္စတို့အတွက် စွလာသုသ်သပ်စ်ဗီးဟ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးပင် ဖြစ်သည်။)
စွလာသုသ်သပ်စ်ဗီးဟ်အတွက် ရည်စူးမှု (နိယသ်) ပြုနည်း
ကျွန်ုပ်သည် ကစ်ဗ်လဟ်ဘက်သို့မျက်နှာမူ၍ အလ္လာဟ်အရှင်မြတ်အတွက် စွလာသုသ်သပ်စ်ဗီးဟ် နိဖိလ်လေးရကအသ်ဖတ်မည်ဟု ရည်စူးပါသည်။ အလ္လာဟ်ဟုအပ်(က)ဗရ်
စွလာသုသ်သပ်စ်ဗီးဟ်နှင့်ပတ်သက်၍ သိထားရမည့် ပညတ်ချက်များ
၁။ ဤနမားဇ်အတွက် သီးသန့်စူရာ သတ်မှတ်ထားခြင်းမရှိပါ။ နှစ်သက်ရာစူရာကို တွဲဖတ်နိုင်သည်။ အချို့ဆင့်ပြန်ချက်များတွင် အာယသ် ၂ဝခန့် ကိရာအသ်ဖတ်ရန်လာရှိထားသည်။
၂။ နမားဇ်အတွင်း သပ်စ်ဗီးဟ်ကို နှုတ်ဖြင့် ရေတွက်မှုလုံးဝမပြုရပါ။ နှုတ်ဖြင့်ရေတွက်လိုက်လျှင် နမားဇ်ပျက်သွားမည်။ (ဆိုလိုသည်မှာ တစ်ခါဖတ်ပြီးလျှင် ၁၊ နှစ်ခါဖတ်ပြီးလျှင် ၂။ ၎င်းပုံစံဖြင့် ရေတွက်ခွင့်မရှိခြင်း ဖြစ်၏။) မိမိလက်ချောင်းများ ရှိနေသည့်နေရာ၌ပင် လက်ချောင်းကလေးများကို ဖိ၍ ရေတွက်သွားရမည်။
၃။ တစ်နေရာရာ၌ သပ်စ်ဗီးဟ်ဖတ်ရန် မေ့သွားမည်။ ကျန်သွားမည်ဆိုပါက နောက်တစ်နေရာ၌ ပြန်ဖြည့်ဖတ်လိုက်ရမည်။ သို့သော် အောက်ပါနေရာတို့တွင် သပ်စ်ဗီးဟ်ဖြည့်ခြင်း မပြုရပါ။
- ရုကူမှ ပြန်ထသည့်အချိန်
- စဂ်ျဒဟ်နှစ်ခုကြား ထိုင်သည့်အချိန်
- ပထမနှင့် တတိယရကအသ်ပြီးနောက် ထိုင်သည့်အချိန်။
အထက်ပါအခြေအနေတို့တွင် ၎င်းနေရာ၌ဖတ်ရမည့် ဆယ်ကြိမ်ကိုသာ ဖတ်လိုက်ပါ။ ဖော်ပြပါ အခြေအနေသုံးမျိုးမှအပ ကျန်အခြေအနေတို့တွင် သပ်စ်ဗီးဟ်အစားဖြည့်နိုင်သည်။
သိမှတ်ဖွယ်
၁။ ယင်းနမားဇ်ကို နဖိလ်ဖတ်ရန် မက္ကရူးဟ်ဖြစ်သည့်အချိန်မှအပ ကျန်အချိန်အားလုံးတို့တွင် ဖတ်နိုင်ပါသည်။ (ဖဂျရ်နှင့် အဆွရ်ပြီး၊ နေထွက်၊ မွန်းတည့်။ ၎င်းအချိန်တို့တွင် နဖိလ်ဖတ်ခြင်း မက္ကရူးဟ်ဖြစ်သည်။)
၂။ ထိုနမားဇ်ကို မွန်းတိမ်းပြီးသည့်နောက် ဇုဟုရ်နမားဇ်ထက်အရင် ဖတ်ပါက အကောင်းဆုံးဖြစ်သည်။ ဟဒီးစ်တော်တစ်ရပ်တွင် မွန်းတိမ်းပြီးနောက်ဟူသည့် စာသားပါရှိခြင်းကြောင့် ဖြစ်ပါသည်။ မွန်းတိမ်းပြီးတွင် အချိန်မရခဲ့ပါကလည်း အခြားမည်သည့်အချိန်တွင်မဆို ဖတ်နိုင်သည်။
၃။ အချို့ဆင့်ပြန်ချက်များတွင် နမားဇ်အတွင်း ဖတ်ရသည့်ကလိမာလေးခု - စုဗ်ဟာနလ်လာဟိ ဝလ်ဟမ်ဒုလိလ်လားဟိ ဝလားအိလားဟ အိလ်လလ်လားဟု ဝလ်လာဟုအပ်က်ဗရ် နှင့်အတူ ဝလာဟောဝ်လာ ဝလာကူးဝသ အစ်လ်လာ ဗိစ်လ်လားဟိလ် အလီယစ်လ်အဇွီးမ် ကိုပါ ထည့်သွင်းဖော်ပြထားသဖြင့် သပ်စ်ဗီးဟ်တွင် ထို (လာဟောဝ်လာ) ကိုတွဲစပ်လိုက်ပါက အကောင်းဆုံးပင်ဖြစ်သည်။
၄။ ဒုတိယနှင့် စတုတ္ထရကအသ်တွင် အသ်ဟိယားသ်မဖတ်မီ သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။ ထို့အတူ ရုကုအ်၊ စဂ်ျဒဟ်တို့၏ ဇိကိရ်များဖတ်ပြီးပါက သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။
၅။ ဆွလာသွသ်သပ်(စ)ဗီးဟ်ဖတ်ရန် ဒုတိယနည်း
စနာဖတ်ပြီးနောက် (စူရာဖာသိဟာမဖတ်မီ) သပ်စ်ဗီကို ၁၅ကြိမ်နှင့် စူရာဖာသိဟာနှင့် စူရာတွဲပြီးနောက် ၁ဝကြိမ်ဖတ်လိုက်ပါ။ ကျန်သည့်အခြေအနေအားလုံးတွင် ပထမနည်းအတိုင်းဖတ်သွားရမည်။ သို့သော် ယခုနည်းတွင် ဒုတိယစဂ်ျဒဟ်ပြီးနောက် ၁ဝကြိမ်ထိုင်ဖတ်ရန် မလိုအပ်တော့ပေ။ ဒုတိယစဂ်ျဒဟ်၌ပင် ၇၅ကြိမ်ပြည့်ပြီး ဖြစ်သည်။ (ပထမနည်းနှင့် ဒုတိယနည်း ကွာခြားမှုမှာ ပထမနည်းတွင် နမားဇ်၏ ကိယာမ်၌ သပ်စ်ဗီ ၁၅ကြိမ် ရှိပြီး စဂ်ျဒဟ်နှစ်ခုပေါင်းတွင် အကြိမ် ၄ဝပါဝင်မည်။ ဒုတိယနည်းတွင် ကိယာမ်၌ ၂၅ကြိမ်ပါပြီး စဂ်ျဒဟ်၂ခုပေါင်း အကြိမ် ၃ဝသာရှိမည်။)
နည်းနှစ်မျိုးလုံးဖြင့် ဖတ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု အာလင်မ်ပညာရှင်များက ရေးသားထားသည်။ (တစ်ခေါက်ဖတ်လျှင် နည်းတစ်မျိုး၊ နောက်တစ်ခေါက်ကို နောက်နည်းတစ်မျိုးဖြင့် ဖတ်ခြင်းကို ဆိုလိုပါသည်။ လေးရကအသ်အတွင်း နှစ်မျိုးလုံးအသုံးပြုခြင်းမဟုတ်ပါ။)
အိမာမ်အဗူဟနီဖာ၏ တပည့်၊ အိမာမ်ဗုခါရီ၏ ဆရာများ၏ဆရာဖြစ်သူ ဟဇရသ်အဗ်ဒုလ်လာဗင်န်မုဘာရက်သည် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဖော်ပြပါဒုတိယနည်းဖြင့် ဖတ်လေ့ရှိခဲ့သည်။
ပညတ်ချက်။ စဂ်ျဒဟ်စဟ်ဝဲပြုရလျှင် ယင်းစဂ်ျဒဟ်၌ သပ်စ်ဗီမဖတ်ပါနှင့်။ သို့ရာတွင် နမားဇ်အတွင်း သပ်စ်ဗီဖတ်ရန်မေ့ကျန်ခဲ့သည်။ တစ်ရကအသ်တွင် ၇၅ကြိမ် မပြည့်ခဲ့ပါလျှင် (ယခုအထိလည်း မဖြည့်ရသေးပါက) စဂ်ျဒဟ်စဟ်ဝဲ၌ ဖြည့်စွက်လိုက်ပါ။
-------။-------။-------။-------
{သုဟ်ဖာအိခဝါသီးန်မှ ကောက်နှုတ်ပြန်ဆိုသည်။}
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆
0 تعليقات