တခုခု လိုချင်တဲ့အခါ၊ ဒုက္ခတခုခုက လွတ်မြောက်လိုတဲ့အခါ နဇရ်ကိုးတဲ့ အလေ့အထ ကျနော်တို့မှာ ရှိတယ်။
ဒီကိစ္စအောင်မြင်ရင် ဘယ်၍ဘယ်မျှ လှူဒါန်းစွဒ်ကာပြုမယ်၊
နမားဇ် ဘယ်နှစ်ရကအသ်ဖတ်မယ်၊
ရိုဇဟ် ဘယ်နှစ်ရက်ထား မယ် စသည်ဖြင့် ကိုးတတ်ကြတာပေါ့။
ဒါနဲ့ ပတ်သတ်ပြီး
တမန်တော်မြတ် صلي الله عليه وسلمက အောက်ပါအတိုင်း မိန့်တော်မူထားတယ်။
لاتنذروا فإن النذر لايغني من القدر شيئا وإنما يستخرج به من البخيل رواه مسلم رقم الحديث (١٦٤٠)
အသင်တို့ နဇရ် မကိုးကြနှင့်!
အဘယ်ကြောင့်ဆိုသော ထိုသို့ကိုးခြင်းသည် သက်ဒီးရ် နဖူးစာသတ်မှတ်ချက်ကို တစုံတရာ အပြောင်းအလဲ လုပ်ပေးနိုင်မည်မဟုတ်။
ဤသို့ ကိုးလိုက်ခြင်းကို အကြောင်းပြု၍ စေးနဲတွန်တိုသူထံမှ (၎င်းမလှူရက် မသုံးရက်သည့်ပစ္စည်းများ ကို)ဆွဲထုတ်(လှူဒါန်းစေ)ခြင်းသာ ဖြစ်ပေသည်။
(မွတ်စ်လင်မ်ကျမ်း)
ဟဇရသ်ဂန်ဂိုဟီး (رحمة الله عليه)သခင်က ကောင်ကဗွတ်ဒ်ဒွတ်ရ်ရီကျမ်းမှာ မိန့်တယ်။:
၁။ ။အကယ်၍လူတယောက်က ဒီလိုကိုးခြင်းဖြင့် သက်ဒီးရ်နဖူးစာ ပြောင်းနိုင်တယ် လို့ခံယူထားတယ်ဆိုရင် အဲဒီလူအတွက် ကိုးခြင်း ဟာ ဟရာမ်ဖြစ်တယ်။ ဟဒီးစ်တော်မှာ ဒါကို တားထားခြင်းဖြစ်တယ်။
၂။ ။အကယ်၍လူတယောက်က အဲဒီလိုတော့မခံယူဘူး။ဒါပေမယ့်သူက စေးနဲ တန့်တိုတယ်။ဒီအတိုင်းဆို အလှူအတန်း မလုပ်ဘူး။ အကြောင်းပေါ်တော့မှ ကိုးပြီး လှူတယ်တန်းတယ်ဆိုရင်တော့ သူ့အတွက်ကိုးခြင်းက မက်ရူးဟ်ဖြစ်တယ်။
(သဘောက သူ့အေဗာဒသ်မှာ အစ်ခ်လားစ်က စံချိန်မမှီဘူး။ သူက လိုချင်တာရမှ လုပ်မယ် မရ ရင်မလုပ်ဘူးဆိုတဲ့သဘောကို ဆောင်နေတယ်။)
၃။ ။လူတယောက်က ယုံကြည်ချက်လည်း မလွဲဘူး ဒီအတိုင်းလည်း အမြဲ လှူဒါန်းနေတယ်ဆိုရင် အဲဒီလို လူအတွက် ကိုးခြင်းက ပိုင်ပါတယ်။
မွဖ်သီသကီးအွတ်စ်မာနီ رحمة الله عليهသခင် မိန့်တယ်။တတိယပုံစံမှာဆိုရင် ကိုးခြင်းပိုင်ပေမယ့်
အဲဒီလို ကိုးမယ့်အစား အကြောင်းတခုပေါ်လာရင် လုပ်ရမယ့် စွန္နသ်နည်းလမ်းက....
အေဘာဒသ်လုပ်ပါ
ဟာဂျသ်နမားဇ်ဖတ်ပါ
ဆွဒ်ကာလုပ်ပါ
ဒိုအာလုပ်ပါ
ဒါဟာစွန္နသ်နည်းလမ်းလည်း ဖြစ်သလို လိုအင်ဆန္ဒပြည့်ဝဖို့ရာ ကိုးခြင်းထက် ပိုပြီး ထိရောက်ပါတယ်။
ဘာကြောင့်လဲဆိုတော့
သက်ဒီးရ်နဖူးစာ သတ်မှတ်ချက်နှစ်မျိုးရှိတယ်။
သက်ဒီးရေ မိုဘရ်ရမ်(သတ်မှတ်ချက် အသေ)
နဲ့
သက်ဒီးရေမိုအလ်လက်(သတ်မှတ်ချက်အရှင်)
ဒီအထဲမှာ
ဒိုအာကြောင့် သက်ဒီးရ်တမျိုးပြောင်းလဲနိုင်တယ်
တမျိုးတော့မပြောင်းလဲနိုင်ဘူး
ဒိုအာကြောင့် "သက်ဒီးရေမိုဘရ်ရမ်" မပြောင်းလဲနိုင်ပေမယ့် "သက်ဒီးရေ မိုအလ်လက်"တော့ ပြောင်းလဲနိုင်ပါတယ်။
နဇရ်ကိုးခြင်းကြောင့် သက်ဒီးရ်နှစ်မျိုးလုံး မပြောင်းလဲနိုင်ပါဘူး။
ဒါကြောင့် နဇရ်ကိုးတာထက်ကို ဒိုအာလုပ်တာက စွန္နသ်နည်းလမ်းနဲ့လည်း ကိုက်ညီတယ်။ လိုအင်ဆန္ဒပြည့်ဝဖို့ အတွက် ပိုပြီးထိရောက်ပါတယ်။
(تكملة فتح الملهم ج ٢ ص٩٥/٩٦/٩٧)
#စည် သူ လွင်ဦး
0 Comments