Ad Code

Assalamualikum

မိဘများ အတွက် ကိုယ်ဝန်ရှိချိန်မှ အကီကာလုပ်ပြိးသည်ထိလမ်းညွှန်ချက်


 

လိမ္မာရေးခြားရှိတဲ့ သားသမီးလေးတွေဖြစ်လိုလျှင် 

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦  


♨  ကိုယ်ဝန်ရှိချိန်ကတည်းက ဂုနာဟ်တွေ ရှောင်ကြဉ်ဖို့လို ♨ 


      ဒီနေ့ခေတ်မှာပြောနေကြတာက ကိုယ်ဝန်လေးလနဲ့အထက်လောက်ရောက်လာပြီဆိုရင် ဝမ်းဗိုက်ထဲက ကလေးဟာ ပတ်ဝန်းကျင်အပေါ်မှာခံစားတတ်နေပြီလို့ဆိုကြတယ်။ကလေးရဲ့အနားမှာသီချင်းဖွင့်ရင် ကလေးဟာဝမ်းဗိုက်ထဲကနေ သီချင်းသံကိုခံစားတတ်တယ်လို့ဆိုကြတယ်။ 


     သာသနာ့ပညာရှင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းက ကိုယ်ဝန်ဆောင်မိခင်က ဂုနာဟ်တွေကနေရှောင်ကြဉ်ရမယ်။ဟလာလ်ရိုဇီကို စားရမယ်လို့ဆိုထားတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လုပ်တဲ့ဂုနာဟ်တွေနဲ့ဟရာမ်ရိုဇီတွေဟာ ကလေးအပေါ်မှာ အစရ် သွားပြီးသက်ရောက်နေလို့ဖြစ်တယ်။ 


ဟရာမ်အစားတစ်လုပ် 

================ 


     ဒီယိုဗန်ဒ်ကျောင်းတော်ကြီးရဲ့ပါနီ စတင်တည်ထောင်သူ ဟဇ်ရသ်မောဝ်လာနာယအ်ကူးဗ်ဆွာဟိဗ် နာနောဝ်သဝီ ( رحمۃ اللّہ علیہ ) သခင်ကြီးအကြောင်းအားလုံးကြားဖူးကြပါလိမ့်မယ်။ တစ်ရက်ဆရာသခင်ကြီးကို လူတစ်ယောက်ကထမင်းစားဖိတ်တယ်။ဆရာသခင်ကြီးထမင်းစားသွားတယ်။တစ်လုပ်စားပြီးတာနဲ့ဆရာသခင်ကြီးစိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားပြီးဆက်မစားတော့ဘဲ ထလာလိုက်တယ်။ နောက်စုံစမ်းကြည့်တဲ့အခါ ဒအ်ဝသ်ဖိတ်တဲ့သူဟာ ဟရာမ်နည်းနဲ့ရှာဖွေနေသူဖြစ်ကြောင်းသိရတယ်။ ဆရာသခင်ကြီးကပြောပြတယ်။ ဒီဟရာမ်အစားတစ်လုပ်လောက် ဝမ်းဗိုက်ထဲဝင်သွားတာ အဲ့ဒီအစရ်ဟာ ၂-လလောက်အထိခံစားနေရတယ်။၂ -လလောက်အထိအိဗာဒသ်မှာပျင်းရိပြီး ဂုနာဟ်လုပ်နေသလိုဖြစ်နေတယ်။ 


      ဒီတော့စဉ်းစားကြည့်ပါ။ ဟရာမ်အစားအသောက်ဟာ ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာ။ ဇနီးသည်ကကိုယ်ဝန်ဆောင်ထားတယ်။ခင်ပွန်းက ဟရာမ်နည်းနဲ့ပိုက်ဆံရှာပြီး ဇနီးသည်ကိုကျွေးမယ်ဆိုရင် ဝမ်းဗိုက်ထဲမှာရှိနေတဲ့ကလေးအပေါ်မှာ အစရ်ဘယ်လောက်သက်ရောက်မှုရှိနေမလဲ။ သားသမီးတွေ မလိမ္မာဖြစ်ရတဲ့အချက်တွေထဲမှာ ဒါလည်းတစ်ချက်အပါအဝင်ဖြစ်တယ်။ 


သတင်းကောင်း

===========

သားသမီးရတယ်ဆိုတာ အင်မတန်မှ ကြီးကျယ်တဲ့သတင်းကောင်းတစ်ရပ်ပဲဖြစ်တယ်။ တမန်တော်ဇကရီယာ ( علیہ السلام ) ကို အလ္လာဟ်အရှင်မြတ်က သားရတနာချီးမြှင့်မယ့်အကြောင်း ဖှရစ်ယ်ှသဟ်ကနေတဆင့်သတင်းပါးခဲ့တာကို ကျမ်းတော်မြတ်ကုရ်အာန်မှာ ဒီလိုတင်ပြထားတယ်။


إنّ اللّه يبشّرك بيحى ○


( မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်ရှိသော သားကောင်းရတနာတစ်ပါးပေးသနားတော်မူသည့်အကြောင်း ဝမ်းမြောက်ဖွယ်ရာသတင်းပြောကြားတော်မူလေသည်။ ) 


      ဒါကြောင့် ကိုယ်ဝန်ရှိနေပြီလို့ စသိတဲ့အချိန်မှာကော၊မွေးဖွားလိုက်ပြီဆိုတဲ့သတင်းကြားတဲ့အချိန်မှာကော အင်မတန်ဝမ်းပန်းတသာနဲ့ ဒီဒုအာလေးကိုဖတ်ဖို့ သာသနာ့ပညာရှင်များက သင်ပြထားတယ်။ 


مَاشَآءَ اللّهُ لاَقُوَّةَ إِلاَّ بِاللّهِ 


( မာယှာအလ်လာဟု လားကူးဝျဝသ အိလ်လာဗိလ်လာဟိ ) 


အာဇာန် နဲ့ အိကာမသ် ပေးခြင်း

=====================

ကလေးငယ် ဒုန္နယာလောကကို စရောက်လာတာနဲ့ အရင်ဆုံးအလ္လာဟ်အရှင်မြတ်နဲ့ပတ်သက်တဲ့ message ကို ကလေးငယ်ရဲ့နှလုံးသားထဲကို ပို့ပေးရမယ်။ကလေးငယ်ရဲ့ညာဖက်နားမှာ အာဇာန်၊ဘယ်ဖက်နားမှာ အိကာမသ် ဆိုပေးရမယ်။ 


     ဟဇ်ရသ်ဟစံန် ( رضی اللّہ عنہ )သခင် မွေးဖွားတော့ မိခင်ဖြစ်တဲ့ ဟဇ်ရသ် ဖှာတွိမဟ် ( رضی اللّہ عنہا ) သခင်မဟာ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )ထံပါး ကလေးငယ်ကိုယူဆောင်လာခဲ့တယ်။ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က ကလေးငယ်ဖြစ်တဲ့ ဟဇ်ရသ်ဟစံန် ( صلی اللّہ علیہ وسلم )သခင်ရဲ့ ညာဖက်နားမှာ အာဇာန်၊ဘယ်ဖက်နားမှာ အိကာမသ်ပေးတော်မူခဲ့တယ်။ 


     အာဇာန်နဲ့အိကာမသ်ပေးတဲ့နေရာမှာလည်း အိမာမ်ဗလီဆရာလာမှ၊မုအပ်ဇ္ဇင်းန်လာမှ မဟုတ်ဘူး။ ဖခင် ( သို့ ) အနီးအနားမှာရှိတဲ့တစ်ယောက်ယောက်က မွေးမွေးချင်းအလျင်အမြန်ဆုံးလုပ်ပေးလိုက်ရမယ်။ 


     နမားဇ်တစ်ခုကို ဂျမာအသ်နဲ့ဖတ်တော့မယ်ဆိုရင် အရင်အာဇာန်ပေးတယ်။ပြီးတော့အိကာမသ်ဆိုတယ်။ပြီးတဲ့အခါအိမာမ်ရှေ့ဆောင်ရဲ့နောက်လိုက်ပြီး ယှရီအသ်တရားတော်က တင်ပြထားတဲ့အတိုင်းနမားဇ်ဝတ်ပြုရပါတယ်။ 


     ခုလည်းဒီသဘောပါပဲ။ကလေးကိုမွေးလာလာချင်း အာဇာန်ပေးလိုက်တယ်။ပြီးတော့အိကာမသ်ပေးလိုက်တယ်။အာဇာန်နဲ့အိကာမသ်ပြီးတဲ့အခါ ဒီကလေးဟာ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )ရဲ့နောက်လိုက်အုမ္မသ်ပီပီ ယှရီအသ်ကပြသထားတဲ့အတိုင်း ဘဝသက်တမ်းကိုဖြတ်သန်းရပါတော့မယ်။ဒါဟာအာဇာန်နဲ့အိကာမသ်ကို ကလေးရဲ့နားနှစ်ဖက်မှာပေးခိုင်းရခြင်းရဲ့ ဟိက်မသ်တစ်ရပ်ဖြစ်တယ်။ 


      အာဇာန်နဲ့အိကာမသ်ပေးပြီးနောက် ဂျမာအသ်ရပ်ဖို့အချိန်ဘယ်လောက်တိုတောင်းလည်း လူ့ဘဝသက်တမ်းကလည်း ဒီလောက်ပဲဆိုတာပြသနေပါတယ်။ 


      အာဇာန်နဲ့အိကာမသ်ပေးပြီးထားမို့ ဂျနာဇဟ်နမားဇ်မှာ အာဇာန်အိကာမသ်မရှိတော့ပါဘူး။ 


      နောက်ထပ်ဟိက်မသ်တော်တစ်ရပ်က ဒီအာဇာန်ရဲ့စာသားတွေကြောင့် ယှိုင်တွာန်ဟာကလေးဆီကနေ ထွက်ပြေးသွားပါတယ်။ဒါကြောင့်ကလေးဟာ ယှိုင်တွာန်ရဲ့အနှောင့်အယှက်တွေကနေလုံခြုံမှုရရှိမှာဖြစ်တယ်။ 


✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 

လိမ္မာရေးခြားရှိတဲ့ သားသမီးလေးတွေဖြစ်လိုလျှင် ( ၄ ) နိဂုံး 

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ 

သဟ်နီးက်လုပ်ပေးခြင်း 

================

ဟဇ်ရသ်အပ်စ်မာအ် ( رضی اللّہ عنہا ) သခင်မဟာ ဟိဂ်ျရသ်လုပ်ပြီး မဒီနဟ်ရွှေမြို့တော်ကိုရောက်ရှိလာတယ်။ သခင်မဟာ ကိုယ်ဝန်နဲ့ဖြစ်တယ်။ ကိုယ်ဝန်ကနေသားလေးတစ်ပါးမွေးလာတယ်။ သားငယ်လေးရဲ့နာမည်ကို " အဗ်ဒုလ္လာဟ် " လို့အမည်ပေးလိုက်တယ်။နောင်တစ်ချိန်မှာ ဒီခလေးဟာ " အဗ်ဒုလ္လာဟ် ဗင်န် ဇုဗိုင်းရ် " ဆိုပြီးကျော်ကြားခဲ့တယ်။မုဟာဂျိရ်တွေထဲမှာ ပထမဦးဆုံး မွေးဖွားတဲ့ကလေးလည်းဖြစ်တယ်။အဲ့ဒီအချိန်တုန်းက ဒီကလေးမွေးဖွားလာလို့ မုစ်လင်မ်တွေအတော်ကြီးကိုပျော်ရွှင်ကြတယ်။ ဘာကြောင့်လဲဆိုရင် ယဟူဒီတွေက မုစ်လင်မ်တွေကို သာသနာဟောင်းတွေကိုစွန့်ပြီး အီမာန်အစ္စလာမ်ကိုလက်ခံလိုက်လို့ မျိုးဆက်တုံးသွားမယ်လို့ဟောကိန်းထုတ်ထားတယ်။ အလ္လာဟ်အရှင်မြတ်က မုစ်လင်မ်တွေအတွက် ဒီကလေးကိုချီးမြှင့်ပြီးပျော်ရွှင်စေခဲ့တယ်။ 


      ဟဇ်ရသ်အပ်စ်မာအ် ( رضی اللّہ عنہا ) သခင်မဟာ တမန်တော်မြတ်  ( صلی اللّہ علیہ وسلم )ကိုယ်တော်မြတ်ဆီ ကလေးကိုယူဆောင်လာခဲ့တယ်။တမန်တော်မြတ်  ( صلی اللّہ علیہ وسلم )ကိုယ်တော်မြတ်ကြီးက ကလေးကိုရင်ခွင်ထဲမှာ ပွေ့ချီလိုက်တယ်။ပြီးတော့ စွန်ပလွံသီးတောင်းတော်မူတယ်။စွန်ပလွံသီးကို ကိုယ်တော်မြတ်ကြီး  ( صلی اللّہ علیہ وسلم )က ကိုယ်တိုင်ဝါးကာ တံတွေးနဲ့တို့ပြီး ကလေးငယ်ရဲ့ပါးစပ်ထဲကိုထည့်ပေးတော်မူလိုက်တယ်။ 


      ဒါကို " သဟ်နီးက် " လုပ်တယ်လို့ခေါ်တယ်။ ဒီလိုသဟ်နီးက်လုပ်ပေးခြင်းဟာ စုန္နသ်တော်တစ်ရပ်ဖြစ်တယ်။ 


      ကလေးမွေးပြီးချင်းမှာ အချိုတစ်ခုခုကို အာလင်မ်အိုလမာဖြစ်စေ၊သူတော်စင်အမျိုးသားဖြစ်စေ၊သူတော်စင်အမျိုးသမီးဖြစ်စေ တစ်ပါးပါးကို ဝါးခိုင်းပြီးကလေးရဲ့ပါးစပ်ထဲကိုထည့်ပေးရမယ်။ပြီးရင်ကလေးနဲ့ပတ်သက်ပြီး ဒုအာလုပ်ခိုင်းရပါမယ်။ 


အကီကဟ် 

========

 

      ကလေးမွေးဖွားပြီး ( ၇ ) ရက်မြောက်ရောက်လာပြီဆိုရင် နောက်ထပ်လုပ်ရမယ့်အမလ်တစ်ရပ်ဟာ အကီကဟ် ဖြစ်တယ်။ သားယောကျာ်းလေးကို ဆိတ်နှစ်ကောင်၊ သမီးမိန်းကလေးအတွက်ဆိတ်တစ်ကောင် ဇဗဟ်လုပ်ပြီးဆွေမျိုးသားချင်းများ၊အိမ်နီးနားချင်းများကို ဝေငှကျွေးမွေးခြင်းကို အကီကဟ်လုပ်တယ်လို့ခေါ်တယ်။ 


       တတ်နိုင်တဲ့သူဖြစ်လို့တတ်နိုင်သလိုလုပ်ချင်လည်းရတယ်။ 

{ အကီကဟ်ရဲ့မစာအိလ်များကို အာလင်မ်သာသနာ့ပညာရှင်များထံစုံစမ်းမေးမြန်းပါ } 


     ဟဇ်ရသ်အနတ်စ် ( رضی اللّہ عنہ )သခင်ဟာ ကလေးတစ်ယောက်မွေးဖွားတိုင်း ကုလားအုတ်အကောင် ( ၁၀၀ )ဇဗဟ်လုပ်ပြီးအကီကဟ်ပြုလုပ်ခဲ့တယ်။ 


       အကီကဟ်လုပ်ခြင်းနဲ့အတူ အဲဒီနေ့မှာကလေးရဲ့ဆံပင်တွေကိုလည်းရိတ်ရှင်းပေးလိုက်ရမယ်။ ဟဇ်ရသ်ဖှာတွိမဟ် ( رضی اللّہ عنہا ) သခင်မဟာ သားဖြစ်သူဟဇ်ရသ်ဟစံန် ( رضی اللّہ عنہ )သခင်မွေးဖွားလာတဲ့အခါ ၇-ရက်မြောက်နေ့မှာ ကလေးကိုအကီကဟ်လုပ်ပေးပြီး ကလေးဦးခေါင်းရဲ့ဆံပင်တွေကိုလည်းရိတ်ပေးခဲ့တယ်။ပြီးတဲ့အခါ အဲဒီရှင်းလိုက်တဲ့ဆံပင်နဲ့အညီအမျှ ငွေဒင်္ဂါးတွေလည်းလှူဒါန်းခဲ့တယ်။ 


အမည်ပေးခြင်း

===========


၇-ရက်မြောက်နေ့မှာပဲ အကီကဟ်လုပ်ခြင်း၊ဆံပင်ရိတ်ခြင်းနဲ့အတူ နောက်အလုပ်တစ်ခုက ကလေးငယ်ကိုနာမည်ပေးရပါမယ်။နာမည်ကို သာသနာ့ပညာရှင်တစ်ပါးပါးနဲ့တိုင်ပင်ပြီးပေးပါ။ နာနာ၊နာနီ၊ဒါဒါ၊ဒါဒီတွေပေးချင်တဲ့နာမည်တိုင်းလည်းမထားပါနဲ့။ နာမည်ဟာ အဓိပ္ပါယ်မှန်ဖို့လွယ်လွယ်ကူကူခေါ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နာမည်တွေထဲမှာ အလ္လာဟ့်ဂုဏ်တော်တွေနဲ့ဆက်စပ်တဲ့နာမည်၊နဗီတမန်တော်တွေရဲ့နာမည်တွေ၊ဆွဟာဗဟ်၊ဆွဟာဗီများရဲ့အမည်တွေဟာ အကောင်းဆုံးပါပဲ။ 


       တခြားနာမည် ( သို့ ) မြန်မာနာမည်လည်းပေးရမယ်။သို့ပေမယ့်မြန်မာနာမည်ကို ကျောင်းတွေ၊ရုံးတွေမှာပဲသုံးပါ။ အိမ်ခေါ်နာမည်မလုပ်ပါနဲ့။အိမ်ခေါ်နာမည်ဟာ အရဗီနာမည်ပဲဖြစ်သင့်တယ်။ နာမည်ထားပြီးရင် နာမည်ကိုပီပီခေါ်ရမယ်။ပါးစပ်ကထွက်သလို ( မုဟမ္မဒ် ကို မာမတ် ၊ အဟ်မဒ်ကို အာမက်၊ယူစုဖ် ကို အီစွတ်၊ အဗ်ဒုလ္လာဟ်ကို ဒိုလာ ) စသဖြင့်ခေါ်ခြင်းဟာ ဂုနာဟ်ထိုက်တယ်။ နာမည်ကိုအပြည့်ခေါ်ပါ။အထူးသဖြင့်အလ္လာဟ့်ဂုဏ်တော်နဲ့ဆက်ထားတဲ့နာမည်ကို အထူးသတိထားပြီးခေါ်ရမယ်။ ( အဗ်ဒုရ်ရဟ်မာန် ကို ရဟ်မာန်၊အဗ်ဒုလ်မဂျီးဒ်ကို မဂျီးဒ်၊အဗ်ဒုလ်ဟမီးဒ်ကို ဟမီးဒ် )စသဖြင့်တဝက်တပျက်ခေါ်ခြင်းဟာလည်းဂုနာဟ်ထိုက်တယ်။ တစ်ဝက်တပျက်မခေါ်ပါနဲ့။တစ်ဝက်တပျက်ခေါ်တဲ့အခါအဓိပ္ပါယ်တွေ လွဲပြီးနာမည်လည်းပျက်သွားပါတယ်။ ဒါကြောင့်မွေးကတည်းက အရဗီနာမည်ကိုဘယ်လိုထားသလဲ၊ထားတဲ့အတိုင်းခေါ်ရပါမယ်။ 


စုန္နသ်တော်တစ်ရပ် 

==============

ယောကျာ်းလေးဖြစ်ရင် ခသ်နာလုပ်ပေးရပါမယ်။ငယ်တဲ့အချိန်၊မသိတတ်သေးတဲ့အချိန်မှာလုပ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ ကလေးနာကျင်မှာကိုစိုးရိမ်ပြီးအချိန်ဆွဲ မထားပါနဲ့။ အသက်အရွယ်ကြီးလာတဲ့အချိန်မှာလုပ်ပေးရတာခက်ပါတယ်။ 


ဟဒီးဆ်တော်တစ်ရပ်မှာ လာရှိတယ်။ လေးမျိုးသောအရာဟာ နဗီအန်မ်ဗီယာတွေအားလုံးရဲ့စုန္နသ်ဖြစ်တယ်။ 

၁။ အမွှေးအကြိုင် သုံးစွဲခြင်း ။ 

၂။ မိစ်ဝါးက်အသုံးပြုခြင်း ။ 

၃။ ခသ်နာပြုလုပ်ခြင်း ။ 

၄။ နိကာဟ်ပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။ 


မိခင်နို့တိုက်ကျွေးခြင်း 

===============

ကလေးကို ( ၂ )နှစ်အရွယ်အထိမိခင်နို့တိုက်ကျွေးရပါမယ်။ ကုရ်အာန်ကျမ်းတော်မြတ်မှာ ကလေးနှစ်နှစ်အရွယ်ထိ မိခင်နို့ချိုတိုက်ကျွေးရမယ်လို့မိန့်မှာထားတော်မူတယ်။ 


     တစ်ခါက အမျိုးသမီးတစ်ဦး တမန်တော်မြတ် ( صلی اللّہ علیہ وسلم )သခင်ထံရောက်လာတယ်။ဒီအမျိုးသမီးဟာ ဇိနာ ကျူးလွန်ထားသူဖြစ်တယ်။သူမ လုပ်ထားတဲ့အပြစ်အပေါ်မှာ ပြစ်ဒဏ်ခံယူဖို့ရောက်လာတာဖြစ်တယ်။ ရင်ခွင်ထဲမှာမွေးကင်းစကလေးငယ်လည်းပါတယ်။ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က ချက်ချင်းအရေးမယူဘူး။ကလေးငယ် ( ၂ )နှစ်ပြည့်တဲ့အထိ နို့ချိုတိုက်ကျွေးဖို့အမိန့်ပေးလိုက်တယ်။ ( ၂ )နှစ်ပြည့်မှအပြစ်ဒဏ်ပေးမယ်ဆိုပြီးပြန်လွှတ်တော်မူလိုက်တယ်။ 


       ဒီတော့ ကလေးကိုမိခင်နို့ချိုတိုက်ကျွေးဖို့ဘယ်လောက်အရေးကြီးသလဲဆိုတာကြည့်ပါ။ ကလေးငယ် မိခင်နို့ရရှိဖို့အတွက် သူ့အပေါ်ကျရောက်နေတဲ့ပြစ်ဒဏ်ကိုပါ တမန်တော်မြတ် ( صلی اللّہ علیہ وسلم )က နှစ်နှစ်ဆိုင်းငံ့လိုက်တယ်။ 


စုဗျဟာနလ်လာဟျ ! 

အလ္လာဟုအပ်က်ဗရ် ! 


အလ္လာဟ်အရှင်မြတ်ရဲ့အင်မတန်စနစ်ကျတဲ့ စီစဉ်မှုပဲ။အမျိုးသမီးရဲ့ရင်အုံထဲမှာ ဖွံ့ဖြိုးစေတဲ့နို့ချိုကိုထည့်ပေးထားတယ်။ အမျိုးသားမှာလည်းနို့နှစ်ဖက်ပါပေမယ့် မဖွံ့ဖြိုးဘူး။ အမျိုးသမီးဟာ အပျိုဖော်ဝင်လာပြီဆိုတာနဲ့ ရင်အုံနှစ်ဖက်ဖွံ့ဖြိုးလာတယ်။ထွားကြိုင်းလာတယ်။ ကလေးမွေးဖွားလိုက်တာနဲ့အတူနို့အုံထဲနို့တွေတင်းပြီးတော့ ထွက်လာတော့တယ်။ စားတာက ထမင်းဟင်းနဲ့ရေ။ခန္ဓာကိုယ်မှာရှိတာက သွေး၊အဲဒါကိုပေါင်းစပ်ပြီး အလ္လာဟ်အရှင်မြတ်က နို့ချိုရည်အဖြစ်ဖန်တီးပေးလိုက်တယ်။ နို့ချိုရည်ဖြစ်လာပုံကို သိပ္ပံပညာရှင်တွေလည်းလိုက်မမှီသလို အစားအစာနဲ့ပေါင်းစပ်ပြီး နို့ချိုရည်ဖြစ်လာအောင်လည်း မဖန်တီးနိုင်ကြဘူး။မိခင်နို့ဟာ ကလေးငယ်အတွက်အဟာရအပြည့်ဝဆုံးဆိုတာ ဆေးပညာရှင်များ၊ဆရာဝန်များအားလုံး လက်ခံထားကြတယ်။ ဒါဟာအလ္လာဟ်အရှင်မြတ်ရဲ့တိုက်ရိုက်ချီးမြှင့်မှုပဲဖြစ်တယ်။ 


     ဒီကလေးရဲ့ရိုဇီကို ( ၂ )နှစ်အထိအလ္လာဟ်အရှင်မြတ်ဟာ မိခင်ရဲ့နို့အုံထဲကနေပေးနေတာဖြစ်တယ်။ငွေကြေးလည်းတစ်ပြားတစ်ချက်မှမကုန်သလို ဘာမှအခွန်အခလည်းပေးဆောင်စရာမလိုပါဘူး။ လူတွေစားတဲ့ထမင်း၊ဟင်းတောင်မှ ချက်ဖို့ပြုတ်ဖို့ဝယ်ခြမ်းဖို့လိုသေးတယ်။ ကလေးကိုပေးထားတဲ့ရိုဇီက ဘာမှပြင်ဆင်စရာမလိုဘဲ ကလေးဗိုက်ဆာလာတာနဲ့အဆင်သင့်သုံးဆောင်နိုင်တယ်။ အလ္လာဟ်အရှင်မြတ်ရဲ့အင်မတန်မှကြီးကျယ်လှတဲ့ နိအ်မသ်ချီးမြှင့်မှုပါပဲ။ 


      ဒီနေ့ အင်မတန်မှဝမ်းနည်းစရာကောင်းတာကို မြင်တွေ့နေရတယ်။ တချို့အမျိုးသမီးတွေဟာ မိမိအလှအပပျက်မှာစိုးရိမ်ပြီး ကလေးငယ်လေးကိုနို့မတိုက်ချင်ကြဘူး။နို့မှုန့်တွေဝယ်ပြီး နို့ဘူးဖျော်တိုက်ကြတယ်။မဟုတ်တဲ့နေရာမှာ ငွေကြေးတွေအကုန်ခံနေကြတယ်။ ဒီနို့ချိုဆိုတဲ့အရာကို အလ္လာဟ်အရှင်မြတ်က မလိုအပ်ဘဲနဲ့ပေးထားတာမဟုတ်ဘူး။ ငွေကြေးချမ်းသာလို့၊ပြေလည်လို့ကလေးကို အကောင်းစားနို့မှုန့်တွေဝယ်တိုက်ပြီး ဖွံ့ဖြိုးအောင်လုပ်လို့တော့ ရကောင်းရသွားလိမ့်မယ်။ ဒါပေမယ့်ကလေးနဲ့မိခင်ကြားမှာ ဖြစ်ပေါ်စေမယ့်သံယောဇဉ်အချစ်ကိုတော့ အဲ့ဒီနို့မှုန့်ဘူးက စွမ်းဆောင်ပေးနိုင်မှာမဟုတ်ဘူး။ နို့ချိုတိုက်ကျွေးခြင်းက ကလေးကိုပေးတဲ့မိခင်ရဲ့ပထမဦးဆုံးလက်ဆောင်ပါပဲ။ ဒါကိုတောင်မှ မပေးချင်တဲ့မိခင်ဟာ ကလေးရဲ့အချစ်ကိုလည်းရဖို့ဆိုတဲ့ မျှော်လင့်ချက်လည်း မထားသင့်ပါဘူး။ 


     ကျန်းမာရေးဆေးပညာနဲ့ဆရာဝန်တွေရဲ့တင်ပြချက်တွေထဲမှာ ကလေးကိုရင်ခွင်ထဲက နို့ချိုတိုက်ကျွေးခြင်းဟာ အမျိုးသမီးရင်သားကင်ဆာဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ဒုတိယတစ်ချက် မိခင်ကို အဝလွန်ခြင်းကနေကာကွယ်ပေးတယ်။ 


      အဲ့ဒီထဲမှာအဓိကအချက်ကတော့ မိခင်နဲ့ကလေးကြားချစ်ခင်မှုနဲ့ ကလေးဆီမှာမိခင်ရဲ့အမိန့်နာခံမှု၊ကျေးဇူးသိတတ်မှုတွေကို ဖြစ်ပေါ်လာစေပါတယ်။ 


ဝုသွူနဲ့တကွ နို့ချိုတိုက်ကျွေးခြင်းရဲ့ အစရ် 

============================


ကလေးငယ်ကိုနို့ချိုတိုက်ကျွေးတဲ့အခါ တတ်နိုင်ရင်ဝုသွူနဲ့တိုက်ပါ။နို့တိုက်နေစဉ် ကုရ်အာန် ( သို့ ) ဇိက်ရ် ဒရူးဒ်ယှရီးဖ် တစ်ခုခုကိုပြုလုပ်နေပါ။ 


     တစ်ခါက ခါဂျာဟ်မုအီနုဒ္ဒီးန် ကျိရ်ှသီ  ( رحمۃ اللّہ علیہ ) ဆိုတဲ့သူတော်စင်ကြီးတစ်ပါးပေါ်ထွန်းခဲ့တယ်။သခင်ကြီးရဲ့အိန္ဒိယခရီးစဉ်မှာ ဟိန္ဒူ ( ၇ ) သိန်း အီမာန်အစ္စလာမ်ကိုလက်ခံခဲ့တယ်။ အိန္ဒိယဒေသမှာမုစ်လင်မ်အင်အားဖြစ်လာတဲ့အကြောင်းတွေထဲမှာ ဒါလည်းတစ်ချက်ပါတယ်။ 


     သခင်ကြီးကအိမ်ရောက်တဲ့အခါ မိမိလက်ထဲမှာဟိန္ဒူ ( ၇ )သိန်းအီမာန်အစ္စလာမ်လက်ခံလိုက်တဲ့အကြောင်း ပျော်ရွှင်စွာနဲ့မိခင်ဖြစ်သူကိုပြောပြတယ်။ 


မိခင်ဖြစ်သူကပြန်ပြောတယ်။ 

" သားရယ်၊ဒါဟာသားတော်မောင် တော်လို့မဟုတ်ဘူး။အမေတော်လို့ပါ " 


သခင်ကြီးကပြန်မေးတယ်။ 

" အမာ ဘာကြောင့်လဲ? ဘာအကြောင်းများရှိလို့လဲ? " 


မိခင်ကပြန်ဖြေတယ်။ 

" သားငယ်ငယ်တုန်းက အမေဟာသားကို ဘယ်တော့မှ ဝုသွူမပါပဲနို့ချိုမတိုက်ခဲ့ဖူးဘူး။ဒါဟာ အဲ့ဒီဗရ်ကသ်ကြောင့်ပဲ သား " 


စုဗျဟာနလ်လာဟျ ! 

အလ္လာဟုအပ်က်ဗရ် ! 


ဒါပေါ့ အပင်ကောင်းမှအသီးကောင်းမယ်ဆိုတာ။ 


>>> ဒီနေ့မိခင်တွေဟာ ရုပ်ရှင်၊tv ကြည့်ရင်း၊သီချင်းတွေဆိုရင်း နားထောင်ရင်း၊အင်တာနက် Facebook တွေ၊ဂိမ်းတွေဆော့ရင်း နို့တိုက်ကြတယ်။ ပြီးတဲ့အခါ သားသမီးမလိမ္မာတော့မှ အမလ်ဆရာရယ် ကယ်ပါကူပါ။သအ်ဝီးဇ်လိုက်တောင်း၊ဒုအာလုပ်ခိုင်းတော့ အချိန်မမှီတော့ဘူးဖြစ်ကုန်တယ်။ 


     သားသမီးကိုလိမ္မာစေချင်တယ်။ ဒီးန်ဘာသာရေးရှိစေချင်တယ်ဆိုရင် အရင်ဆုံး မိမိကိုယ်ကို မိမိပြုပြင်ရပါမယ်။ 


❦  အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးအားတင်ပြပါအချက်များအားလုံးကို လိုက်နာကျင့်သုံးနိုင်တဲ့ သောဝ်ဖီးက်စွမ်းအား ချီးမြှင့်ပေးသနားတော်မူပါစေ။ အာမီးန်


واخر دعوانا ان الحمد للّه ربّ العالمين ○


✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏


̲Ⓐ̲ⓑ̲ⓤ̲ ̲Ⓐ̲ⓓ̲ⓔ̲ⓔ̲ⓑ̲ⓐ̲ⓗ̲

ရှမ်းပြည်သားလေး sai hak khay 


📆 ဟိဂ်ျရီ ၁၄၃၈ ၊ ယှောဝ်ဝလ်လ ( ၂၄ )ရက်📆

📆 ၁၉ . ၇ . ၂၀၁၇ ( ဗုဒ္ဓဟူးနေ့ )📆

Post a Comment

0 Comments

Close Menu