စိတ်စွမ်းအားတွေ ဆုတ်ယုတ်စေသောကြောင့်
ချက်ချင်းစွန့်လွှတ်သင့်သော အကျင့်ဆိုး(၈)ခု
ကျွန်တော်တို့ရဲ့ စိတ်စွမ်းအားတွေကို ဆုံးရှုံးအောင် လုပ်နေတာဟာ ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။
အခြားလူတွေဘယ်လောက်ပဲလုပ်လုပ် ကိုယ့်ရဲ့ခွင့်ပြုချက်လိုပါတယ်...
သိလျက်နဲ့ဖြစ်စေ၊ မသိလိုက်ပဲဖြစ်စေ ကိုယ်က ခွင့်ပြုနေလို့သာ အခြားလူတွေကြောင့် စိတ်မှာညစ်နွမ်းသွားရတာဖြစ်ပါတယ်။
ဘယ်လိုအကျင့်ဆိုးတွေဟာ စိတ်စွမ်းအားတွေကို စုပ်ယူနေတတ်သလဲ လေ့လာကြည့်ရအောင်ပါ။
(၁) အတင်းအဖျင်းပြောဆိုခြင်း။
ဟိုဆယ်လီတစ်ယောက်က လင်နောက်လိုက်သွားလို့တဲ့
ဟိုဆယ်လီကလေ...ဂေးဆိုပဲ...ဟိုဆယ်လီကတော့ ထောင်ကျသွားလို့တဲ့ဆိုတဲ့ အတင်းအဖျင်းတွေဟာ စိတ်ဝင်စားဖို့သိပ်ကောင်းပါတယ်။
ကိုယ့်ထမင်းကိုယ်စားပြီး အချိန်ကုန်ခံပြီး အပြန်အလှန်ပြောပြီးတဲ့နောက် စိတ်မှာ အနည်းနဲ့အများဆိုသလို ညစ်နွမ်းသွားတာကိုတော့ သတိမပြုမိတတ်ကြပါဘူး။
တခါတခါ အခြားလူတွေရဲ့ မကောင်းကြောင်းတွေ ထိုင်ပြောနေတာကို နားထောင်မိလို့ကိုယ့်အလုပ်ကို အကောင်းဆုံးအာရုံစူးစိုက်လို့မရတာမျိုးကြုံဖူးကြပါလိမ့်မယ်။
လူသားအားလုံး ကိုယ့်ဘ၀နဲ့ကိုယ်ပါ။ သူ့အကြောင်းနဲ့သူပါ။ ကိုယ်က သူတို့နေရာမှာသူတို့အတိုင်းနေရမယ်ဆိုရင်လည်း သူတို့လိုပဲဖြစ်နေမှာပါ။
ဒါ့ကြောင့် အခြားလူတွေရဲ့ ပြသနာတွေကို ပုံကြီးချဲ့ပြီးမပြောပါနဲ့။
ကိုယ့်ရဲ့အခက်အခဲတွေကိုလည်း ပုံကြီးချဲ့ပြောပြီး အခြားလူတွေကို စိတ်ညစ်နွမ်းအောင်မလုပ်လိုက်ပါနဲ့။
(၂) အခြားလူတွေရဲ့အကြောင်းကို စပ်စုနေရခြင်း။
ဟိုတစ်ယောက်ကတော့ ဟိုလိုဖြစ်သွားပြီတဲ့…ရာထူးတိုးသွားပြီတဲ့…ငါကတော့ ခုထိဘာမှမဖြစ်သေးဘူး...ဟိုတစ်ယောက်ကတော့ ဘယ်မှာကြီးပွားနေပြီတဲ့ ....ငါ့မှာတော့ ဆင်းရဲနေတုန်း အစရှိသဖြင့် ကိုယ်နဲ့အခြားလူတွေကို အမြဲနှိုင်းယှဉ်ဖို့စပ်စုနေရတဲ့အကျင့်ဆိုးဟာလည်း စိတ်ကို ညစ်နွမ်းပေကျံစေပါတယ်။
စာဖတ်သူအနေနဲ့အဲ့ဒီအကျင့်ဆိုးရှိရင် အမြန်ဆုံးစွန့်လွှတ်ရပါလိမ့်မယ်။
အခြားလူတွေရဲ့အကြောင်းကို စပ်စုရင်း ကိုယ်နဲ့နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲနေတာဟာ မိမိကိုယ်ကို မလေးမစားလုပ်နေတာသာဖြစ်ပါတယ်။
လူတွေဟာ သူတို့ဘ၀နဲ့သူတို့…သူတို့အကြောင်းနဲ့သူတို့ဖြစ်နေတာပါ။ ဘာမှ စပ်စုပြီး စိတ်ညစ်မနေပါနဲ့တော့။
(၃) အခြားလူတွေရဲ့မျှော်လင့်ချက်ဖြင့် အသက်ရှင်နေရခြင်း။
ကျွန်တော်တို့အားလုံး အခြားလူတွေရဲ့မျှော်လင့်ချက်တွေနဲ့အသက်ရှင်သွားဖို့ မွေးဖွားလာတာ မဟုတ်သလို အဲ့ဒီ အတွက်လည်း တာဝန်မရှိနေပါဘူး။
ဒါဟာ တကိုယ်ကောင်းဆန်လွန်းတဲ့ မိဘတွေ၊ ဆရာတွေက ပုံမှားရိုက်ထားတဲ့ အမြင်မှားသာဖြစ်ပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ဘ၀ပန်းတိုင်ကို ကိုယ်တိုင်ရောက်အောင်သွားဖို့လိုပါမယ်။
မိဘစိတ်ချမ်းသာစေချင်လို့၊ အခြားလူတွေ စိတ်ချမ်းသာစေချင်လို့ကိုယ်ဖြစ်ချင်တာတွေကို စတေးပစ်တာဟာ စိတ်စွမ်းအားတွေအားလုံး ဖျက်ဆီးလိုက်တာနဲ့တူနေပါတယ်။
(၄) မိမိကိုယ်ကို အရှိအတိုင်းလက်မခံနိုင်ခြင်း။
ကျွန်တော်တို့အားလုံးလူသားပီပီ အားနည်းချက်တွေရှိသလို အားသာချက်တွေ ကိုယ်စီရှိကြပါတယ်။
ကိုယ့်အားနည်းချက် ၊ အားသာချက်တွေ ပေါင်းစပ်ပြီး ကိုယ်ဖြစ်လာတာမို့လောကမှာ ကိုယ့်လိုလူနှစ်ယောက်မရှိတာကို ဂုဏ်ယူလိုက်ပါ ။
သူတပါးကိုယ့်ကို ဘယ်လိုထင်ထင် ဘာတွေပြောပြော လိုက်ပြီးခံစားမနေပါနဲ့တော့။
မိမိကိုယ်ကို အရှိအတိုင်းလက်မခံနိုင်လို့တင်းခံငြင်းဆန်နေရတဲ့အလုပ်ဟာ စိတ်ကို ညစ်နွမ်းပင်ပန်းစေပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို အရှိအတိုင်းသိမြင်ပြီး ပိုကောင်းတဲ့လူသားတစ်ယောက်ဖြစ်အောင်သာ အမြဲကြိုးစားပါ။
(၅) မကောင်းတဲ့အတွေးတွေကိုပဲ ထပ်တလဲလဲ တွေးနေမိခြင်း။
တခါခါ သူတပါးက ကိုယ့်ကို ကဲ့ရဲ့တာဝေဖန်တာ၊ အပြစ်တင်တာတွေကို အငြိုးထားမှတ်သားထားရာက မကောင်းတဲ့အတွေးတွေဟာ အမြဲတမ်း တဝဲလည်လည်ဖြစ်ပြီး စိတ်မှာ ပူလောင်ရတတ်ပါတယ်။
ဒါ့ကြောင့် မကောင်းတဲ့အတွေးတွေကို ဖယ်ရှားပစ်မှ စိတ်စွမ်းအားတွေ ပြန်တက်လာမှာပါ။ အကောင်းဆုံးကတော့ အပြုသဘောဆောင်တဲ့စာပေတွေ ဟောပြောပို့ချက်ထားတဲ့အသံဖိုင်တွေကို နေ့စဉ်နားထောင်ခြင်းပဲဖြစ်ပါတယ်။
အချိန်ယူ၊ အရှိန်ယူပြီး လုပ်မယ်ဆိုရင် အလေ့အကျင့်ကောင်းဖြစ်ပြီး စွဲမြဲလာမှာပဲဖြစ်ပြီး စိတ်စွမ်းအားတွေ ယိုစီးခြင်းကို ကာကွယ်နိုင်ပါတယ်။
(၆) ဆေးသကြား၊ အချိုမှုန့်နှင့် ကျန်းမာရေးနှင့်မညီညွှတ်သောအစားအစာများကို ပုံမှန်စားသောက်နေမိခြင်း။
ကျွန်တော်တို့နေ့စဉ်စားသောက်မှီဝဲနေမိတဲ့အစားအစာတွေကို သတိပြုပါ။ ဆေးသကြားနှင့်ဟင်းချိုမုန့်တို့လို ဓာတုပစ္စည်းနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ အရက်သေစာ၊မူးယစ်စေတတ်သော ယာမကာတွေ မှီဝဲခြင်းဟာလည်း စိတ်စွမ်းအားကို များစွာ ဆုံးရှုံးစေပါတယ်။
အချိန်မီ ဖြတ်တောက်ပစ်တာမလုပ်နိုင်ရင်တော့ စိတ်သွားတိုင်းကိုယ်ပါဖို့ခက်နေမှာပဲဖြစ်ပါတယ်။
(၇) ကိုယ်မပျော်တဲ့အလုပ်၊ စိတ်မပါတဲ့အလုပ်ကို စိတ်ဆင်းရဲခံပြီး ဆက်လုပ်နေမိခြင်း။
လူသားတိုင်းမှာ ရွေးချယ်ခွင့်ရှိပါတယ်။ ကိုယ်နှစ်သက်တဲ့အလုပ်၊ ကိုယ်ပျော်ရွှင်တဲ့အလုပ်ကိုလုပ်ခြင်းဟာ လူသားတိုင်းရဲ့မွေးရာပါအခွင့်အရေးဖြစ်ပါတယ်။
ဒါကို မိဘတွေအနေနဲ့ သားသမီးအပေါ်နားလည်ဖို့လိုပါမယ်။ ကိုယ်ပျော်တဲ့အလုပ်စိတ်ချမ်းသာတဲ့အလုပ်ကို လုပ်ပါမှ အတိုင်းထက်အလွန်အောင်မြင်ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။
မပျော်ဘဲ ဆက်လုပ်ရင် တချိန်စိတ်ကျဝေဒနာခံစားရသည်အထိ ဆိုးရွားသွားနိုင်ပါတယ်။
(၈) အဖြေကိုမရှာဘဲ ပြသနာကိုသာ အာရုံစိုက်မိနေခြင်း။
ကျွန်တော်တို့တခုခု မလုပ်နိုင်တဲ့အခါ မတတ်နိုင်တဲ့အခါ ဘာလုပ်လို့ရလည်းဆိုတဲ့ အဖြေတစ်ခုကိုသာ စူးစိုက်ရမှာဖြစ်ပြီး ဘာ့ကြောင့်လုပ်မရလဲ အကြောင်းအခု တစ်ရာထိုင်ပြော၊ ထိုင်ပြီး ညည်းညူနေလို့ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။
ဒါေ့ကြာင့် ပြသာနာရဲ့ အဖြေကိုရှာပါ။ ပြသာနာကို ပုံကြီးမချဲ့နေပါနဲ့လို့အကြံပြုပါတယ်။
စာဖတ်သူတွေလည်း အထက်ပါ အကျင့်ဆိုး(၈)ခုကို ဖယ်ရှားရင်း စိတ်သစ်လူသစ်နဲ့ပျော်ပျော်ရွှင်ရွှင် ဘ၀ခရီးဆက်နိုင်ကြပါစေလို့ဆန္ဒ ပြုရင်း…
Thi Ha
0 Comments